ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးမှ ပန်းတောင်းမြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပန်းတောင်း မေ ၈

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ (NGO) များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများသာမက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် လူမှုရေး အသင်းအဖွဲ့များအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်သူတို့၏ အသံကို နားစွင့်ပြီး လိုအပ်ချက်များကို အစိုးရနှင့် လွှတ်တော်တို့က အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ (NGO) များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၁၅၉) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)