လိပ်သို မေ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ချိန် စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော “ သောကကင်းစင် ပျော်ရွှင်ချမ်းသာ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မေ ၆ ရက် မွန်းလွဲ ၂ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (ပြ) နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းအားဖြင့် အသိပညာဗဟုသုတနှင့် ဆင်ခြင်တုံတရား တိုးပွားလာခြင်း၊ စိတ်ခွန်အားဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း၊ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-10 ကျောင်းသား စောပိုင်စိုး က “ ကိုယ့်သောကကို ကိုယ်တိုင်ဖြေပါ " ခေါင်းစဉ်အောက်မှ အရာရာ တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်တွင် သောကသည် လူကြီးရော ကလေးပါမကင်းတဲ့ ခံစားမှုဖြစ်ကြောင်း၊ လူကြီးတောင်မှ ကိုယ့်ဘာသာကိုယ် ဖြေဖျောက်ဖို့ ခက်ခဲသေးတယ်ဆိုတော့ ကလေးများကို လူကြီးများက နားလည်စာနာမှုအပြည့်နဲ့ နှစ်သိမ့်အကြံပေးဖို့ လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော “ သောက ကင်းစင် ပျော်ရွှင်ချမ်းသာ ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ဘဝရဲ့အညွန့်အဖူးကလေးများဖြစ်သော ကျောင်းသားလူငယ်များအနေဖြင့် သောကစိတ်ကြောင့် လမ်းမပျောက်ရလေအောင် လူကြီးများက ဂရုပြုပေးသင့်ကြောင်း လေ့လာ သိရှိရသည်။
နော်ဖလောရင်း