လိပ်သိုမြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ရွေးချယ်ခြင်း ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများ ရှင်းလင်း

လိပ်သို   ဇန်နဝါရီ  ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်  ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာ၀န်ခံ ၊ ရာအိမ်မှုး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင် သည့် ဥပဒေများ၊ နည်းဥပဒေများ ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင်  အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် အဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပြောကြားပြီး သံတောင်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေသွေး က  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ချက်များကို ရှင်းလင်း ဆွေးနွေး ပြီး ဒုတိယဦးစီးမှူး ဦးဟန်ထူးဇန်က  ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာ၀န်ခံ၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများကို Power Point  ဖြင့် အကျယ်တ၀င့် ရှင်းလင်းပြောကြားပြီး တက်ရောက် လာသူများ၏ မေးမြန်းမှုကို ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့သည်။

လိပ်သိုမြို့တွင် ရပ်ကွက်  (၆) ရပ်ကွက်နှင့်  ကျေးရွာအုပ်စု (၃၁) အုပ်စုရှိပြီး  လက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးအသစ်များကို ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရွေးချယ်ခန့်အပ်သွားမည်ဖြစ်သည်။

အဆိုပါ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများအား မြို့အဆင့် ဌာနဆိုင်ရာများဖြင့် အဖွဲ့ ဖွဲ့၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် တာ၀န် ခွဲဝေချထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)