ဆင်ပေါင်ဝဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ် (၆)လအထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ဆင်ပေါင်ဝဲ မေ ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ မွေးကင်းစမှအသက် (၁)နှစ်(၆)လအထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ကာကွယ်​ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှအသက်(၁)နှစ်(၆)လအထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ ပြင်းထန်အဆုတ်ရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ကလေးငယ်များအား မုန့်၊ ပဲနို့၊ ရေသန့်ဘူးများကို မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့်​ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများက ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကုသရေးနှင့်​ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့များက အမှတ် (၃) ရပ်ကွက် အတွင်းရှိ နေအိမ်များသို့ သွားရောက်၍ ဘုရားပန်းအိုးများလဲလှယ်ပေးခြင်း၊ ရေစည်၊ ရေအိုး၊ ရေကန်များကို အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)