ကော့ကရိတ်မြို့၌ ရက် ၁၀၀စီမံချက်ဖြင့် ကျွဲ၊နွားများအား တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံ

ကော့ကရိတ် မေ ၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရက် ၁၀၀ စီမံချက်ဖြင့် ယနေ့နံနက် ၇ နာရီခွဲက ကော့ကရိတ်မြို့၊ အမှတ်(၇) ရပ်ကွက်အတွင်းရှိ နွားမွေးမြူရေးခြံများ၌ တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံရာတွင် ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှူး ဒေါ်ချိုမွန်၊ မြို့နယ်သမဝါယမဦးစီးဌာနမှူး ဒေါ်ချိုချိုဆန်းတို့မှ လာရောက်ကြည့်ရှုပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်လွင်နှင့်ဝန်ထမ်းများက ဒေသနွားနှင့်နို့စားနွား ကောင်ရေ (၅၀)ကို ကျွဲ၊နွားလည်ချောင်းကွဲ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ တစ်နိုင်တစ်ပိုင်မွေးမြူထားသောဒေသကြက်များအား ကြက်လည်လိမ်ရောဂါကာကွယ်ဆေး မျက်စဉ်းခတ်ပေးခြင်း၊ နွားမွေးမြူ‌‌ရေးခြံပိုင်ရှင်များအား Retech ခြံဖျန်းပိုးသတ်ဆေးရည်များ အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)