ပဲခူး မေ ၇
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) သင်တန်းအမှတ်စဉ် (၁ /၂၀၂၆ - ၂၀၂၇) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုလယ်ယာကဏ္ဍသို့ ကူးပြောင်းရေးနည်းလမ်းပေါင်းစုံဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှာသာ အချိန်တိုအတွင်း အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေး ဆောင်ရွက်ရာမှာ အဓိကအရေးပါသည့် တောင်သူလယ်သမား မျိုးဆက်သစ်များအနေအား ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက်နှင့် ကောက်စိုက်စက် မောင်းနှင်ထိန်းသိမ်းခြင်း ပညာရပ်များကို စာတွေ့ / လက်တွေ့ ပေါင်းစပ်သင်ကြားပို့ချသွားမှာဖြစ်၍ စိုက်ပျိုးရေးကဏ္ဍအတွက် ပိုမိုအကျိုးဖြစ်ထွန်းလာမှာဖြစ်ကြောင်းနှင့် သင်တန်းမှ စနစ်တကျတတ်မြောက်လာမည့် အတတ်ပညာများကို မိမိတို့မိတ်ဆွေအသိုင်းအဝိုင်းများကို လက်ဆင့်ကမ်းမျှဝေပေးခြင်း၊ လက်တွေ့အသုံးချခြင်းတို့ဖြင့် မိမိရပ်ရွာဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်၏ လယ်ယာထုတ်ကုန် တိုးတက်မြင့်မားရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ကြားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကာ သင်တန်း၌ စာတွေ့သင်ကြားမည့် ဘာသာရပ်ဆိုင်ရာစာအုပ်များ၊ လယ်ယာသုံးစက်ကိရိယာ အသိပညာပေးစာဆောင်များနှင့် သင်တန်းတွင် လက်တွေ့မောင်းနှင်အသုံးပြုသင်ကြားမည့် လယ်ယာသုံးစက်ကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) တောင်သူသင်တန်း အမှတ်စဉ် (၁ / ၂၀၂၆ - ၂၀၂၇)တွင် ပဲခူးတိုင်းဒေသကြီးမှ (၅၀) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁) ဦးနှင့် နေပြည်တော်မှ (၂) ဦး စုစုပေါင်း သင်တန်းသား (၅၃) ဦးတို့အား လက်သုံးကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ထွန်စက်ကြီး၊ Engine System, Clutch & Transmission, Front Axle, Steering& Drive Line, Rear Wheel Drive & Brake System, PTO & Hydraulic, Electrical System, Driving Method, Maintenance & Repair ထွန်ယက်ကိရိယာများ၏ အခြေခံသဘောတရားနှင့် ထွန်ယက်နည်းများကို စာတွေ့ / လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)