မကွေး မေ ၇
မကွေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မကွေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက တစ်ဦးချင်းမိတ်ဆက်စကားများ အသီးသီးပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးတင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဒေါက်တာမောင်မောင်ဌေးနှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ် ဦးတင်မျိုးဇော်တို့က အသီးသီး မိတ်ဆက်အမှာစကားများ ပြောကြားခဲ့ကြသည်။
ယင်းနောက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် တင်ပြလိုသည်များကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးတင့်နိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)