မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို  MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဒေသထုတ်ကုန်ပြပွဲအခမ်းအနားသို့ တက်ရောက်

မကွေး မေ ၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲနှင့် ဒေသထုတ်ကုန်ပြပွဲအခမ်းအနားကို မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး MSME Agency နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်ရဲ့ စီးပွားရေး ဦးမော့လာစေဖို့အတွက် အသေးစား၊ အငယ်စားနဲ့ အလတ်စား၊ စီးပွားရေး (MSME) လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ (၅) နှစ်တာကာလအတွင်း MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာပြီး အခြေခံကောင်းများ ရရှိပြီးဖြစ်တဲ့အတွက် အစိုးရသစ်ကာလမှာ အရှိန်အဟုန်နဲ့ ဆက်လက်တိုးတက်မှုရအောင်ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ရှင်သန် ရပ်တည်နိုင်ရေးနှင့် ဒေသခံပြည်သူများတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးပြီး လူမှုစီးပွားဘဝ မြင့်မားလာရေးတို့အတွက် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်၊နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများက မိတ်ဆက်စကားများ အသီးသီးပြောကြားခဲ့ပြီး တက်ရောက်လာကြသော MSME လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြန်လည်သုံးသပ်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော ဒေသထွက်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)