ဆိပ်ဖြူ မေ ၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အနော်ရထာတံတားထိပ်ပန်းခြံ၌ လွတ်လပ်ရေးကျောက်တိုင်ဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှုခြင်းနှင့် မြို့ပတ်လမ်းပြန်လည်ဖော်ဆောင်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်က ဆောင်ရွက်သည်။
ရှေ့ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမတွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသခံပြည်သူများ၏ လူမှုစီးပွားနှင့်လမ်းပန်းဆက်သွယ်ရေးကို အထောက်အကူဖြစ်စေမည့် မြို့ပတ်လမ်းပြန်လည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လမ်းဖောက်လုပ်ရေးကော်မတီဝင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက မြို့ပတ်လမ်း ပြန်လည်ဖောက်လုပ်ရခြင်းနှင့် ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များနှင့် ဒေသခံပြည်သူများက မြို့ပတ်လမ်းဖော်ဆောင်မည့်လုပ်ငန်းအား ပြန်လည်အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် အနော်ရထာတံတားထိပ် မြို့အဝင်ပန်းခြံ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်း ဦးဆောင်မှု ကိုယ်ထူကိုယ်ထ စနစ်ဖြင့်တည်ဆောက်လျက်ရှိသည့် လွတ်လပ်ရေးကျောက်တိုင်နှင့် ရင်ပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ကိုဇွဲ(အညာမြေ)