ဂန့်ဂေါ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းနိုင်ရန် ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အလှူတော်ကောက်ခံရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး က အဖွင့်အမှာစကားပြောကြားပြီး အလှူတော်ကောက်ခံရေးကော်မတီ အတွင်းရေးမှူး ဦးတင်သောင်းက ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် နိုင်ငံတော်အတွက် တစ်ဦးချင်းစီ၏အလှူကို စုပေါင်းပြီး မြို့နယ်အလိုက်လှူဒါန်းနိုင်ရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အလှူတော်ကောက်ခံရေးကော်မတီသို့ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုမိသားစုက အလှူငွေကျပ်(၅)သိန်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများက အလှူငွေကျပ်(၅)သိန်းနှင့် ဦးမြို့ဖေ+ဒေါ်စန်းစန်းမူ (မြို့ဖေမိသားစု စက်သုံးဆီရောင်းဝယ်ရေး)က အလှူငွေကျပ်(၃၀)သိန်း စုစုပေါင်း သိန်း(၄၀)ကျပ်တို့ကို မတည်ငွေအဖြစ် အလှူခံရရှိပြီးပြီဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာမှ ဒေသခံပြည်သူတွေစုပေါင်းအလှူငွေများကို နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေစာရင်းသို့ ဖေဖော်ဝါရီ ပထမပတ်အတွင်း ဂန့်ဂေါ မြို့နယ်မှ ပထမအကြိမ်အဖြစ် ထည့်ဝင်လှူဒါန်းမည်ဖြစ်ကြောင်းနှင့် ဖုန်း ၀၆၂၅၀၀၀၈၊ ၀၉၄၀၀၃၀၂၄၈၇ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း အလှူတော်ကောက်ခံရေးကော်မတီအတွင်းရေးမှူး ဦးတင်သောင်း ထံမှ သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)