သရက် မေ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ခဲ့ရာ လယ်ယာကဏ္ဍပေးအပ်ရာ မြို့နယ်မြေစာရင်းဦးစီးဌာန၊ သားငါးကဏ္ဍရည်မှန်းချက်တာဝန်များ ပေးအပ်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သစ်တောကဏ္ဍ တာဝန်များပေးအပ်ရာ မြို့နယ်သစ်တောဦးစီးဌာန၊ လျှပ်စစ်ကဏ္ဍတာဝန်များ ပေးအပ်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ဆောက်လုပ်မှုကဏ္ဍတာဝန်များပေးအပ်ရာ မြို့နယ်လမ်းဦးစီးဌာနတို့က အသီးသီးတာဝန်များလက်ခံခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နှင်းယုခိုင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)