စေတုတ္တရာမြို့နယ်တွင် လွှတ်တော်ဆိုင်ရာအတွေ့အကြုံများ ရှင်းလင်းပွဲကျင်းပ

စေတုတ္တရာ မေ 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ တတိယအကြိမ် လွှတ်တော်ဆိုင်ရာအတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများ ညှိနှိုင်းဆွေးနွေးခြင်းကို မေ ၅ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးတင်က မိတ်ဆက်စကားပြောကြား၍ တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က မိတ်ဆက်စကား ပြောကြားကြပြီး၊  တတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာအတွေ့အကြုံများ ရှင်းလင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် လွှတ်တော်အသံ၊ ပြည်သူ့အသံဟူသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူများထံမှ အပြုသဘောဆောင်သည့် တင်ပြချက်များကို လွှတ်တော်သို့ ပြန်လည်တင်ပြ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက တင်ပြချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးတင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆန်းကိုကို (ပြန်/ဆက်)