နတ်မောက်မြို့နယ်၌ သံပရာစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

နတ်မောက် မေ ၇

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေး လုပ်ကိုင်သူတောင်သူများအနေဖြင့် မိရိုးဖလာတောင်သူလုပ်ငန်းအပြင် နှစ်ရှည်ပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ဝင်ငွေရရှိသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိသည်။
စိုက်ပျိုးရေးနှင့်တောင်သူလုပ်ငန်းများတွဲဖက်၍ လုပ်ကိုင်ကြပီး နှစ်ရှည်ပင်များကို စိုက်ပျိုးမွေးမြူကြရာတွင် သံပရာစိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ သံပရာပင်များကို စိုက်ပျိုးရာတွင် အစေ့ပျိုး၍ စိုက်ပျိုးခြင်း၊ ကိုင်းကူး၍ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးနိုင်ကြပြီး အပင်မွေးမြူပြုစုမှုအပေါ်တွင် မူတည်၍ အသီးများထွက်ရှိပြီး ဆွတ်ခူးရောင်းချနိုင်ကြောင်းနှင့် ဈေးကွက်အနေဖြင့်လည်း ယခုလို ပူပြင်းသည့် နွေရာသီတွင် ရောင်းအားတွင်ကျယ်၍ ဈေးကောင်းရရှိသည့်အတွက် မိသားစုအတွက်ဝင်ငွေရရှိကြောင်းနှင့် သံပရာစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံပင်အမျိုးအစားဖြစ်ပါသည်။
နှစ်ရှည်သံပရာပင်ကို စိုက်ပျိုးရာတွင် အပင်တစ်ပင်နှင့် တစ်ပင်ကို(၄)ပေခြား ကျင်းတူး စိုက်ပျိုးကြရပြီး မြေဩဇာအနေဖြင့်သဘာဝမြေဩဇာကို အသုံးပြုနိုင်ကြောင်း၊ တစ်နှစ်လျှင် နှစ်ကြိမ်အသီးများ ဆွတ်ခူးရောင်းချနိုင်သည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း သံပရာခြံစိုက်ပျိုးရောင်းချသူ ဦးခင်မောင်စိုးထံမှ သိရသည်။

သင်းသင်းဝေ