နတ်မောက် မေ ၇
မြန်မာနိုင်ငံတစ်ဝန်းတွင် အပူရှိန်တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ နေရောင်ခြည်နှင့် အပူဒဏ်ကို ကာကွယ်ရန်အတွက် သဘာဝကုန်ကြမ်းများဖြင့် ပြုလုပ်ထားသော ကြိမ်ဦးထုပ်နှင့် နှီးဦးထုပ်များမှာ ယခင်နှစ်များထက် အရောင်းအဝယ် ပိုမိုသွက်လက်နေကြောင်း သိရသည်။
ယခုနှစ် နွေရာသီတွင် အပူချိန်မှာ သိသိသာသာ မြင့်တက်နေသဖြင့် အပြင်ထွက်လုပ်ကိုင်ရသူများ၊ ခရီးသွားလာသူများနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်နေသူများသည် ပလတ်စတစ်ဦးထုပ်များထက် လေဝင်လေထွက်ကောင်းပြီး ဦးခေါင်းကို ပိုမိုအေးမြစေသည့် နှီးဦးထုပ်နှင့် ကြိမ်ဦးထုပ်များကို အဓိကထား ဝယ်ယူလာကြခြင်းဖြစ်ကြောင်း သိရသည်။
အသားအနုအရင့်နှင့် လက်ရာအပေါ်မူတည်၍ တစ်လုံးလျှင် ငါးထောင်ကျပ်နှုန်းနှင့် တစ်သောင်းကျပ် ဝန်းကျင်မှစတင်ကာ အမျိုးမျိုးရှိနေသော်လည်း အပူဒဏ်ကာကွယ်ရန် မဖြစ်မနေ လိုအပ်ချက်ဖြစ်သောကြောင့် ဝယ်ယူသူများပြားကာ အရောင်းအဝယ် ကောင်းမွန်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခုလိုနွေရာသီကာလတွင် အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများကို ကာကွယ်ရန်အတွက် ကျွန်တော့်အနေနဲ့အပြင်ထွက်ရာမှာ စျေးနူန်းသက်သာပြီး အပူဒဏ်ခံသည့် ဦးထုတ်ကိုဝယ်ပြီး ဆောင်းရခြင်းဖြစ်ပါတယ်”ဟု ဦးထုပ်ဝယ်ယူနေသူ လူငယ်တစ်ဦးထံမှ သိရသည်။
ဝင်းမေထွန်း(ပြန်/ဆက်)