ငွေဆောင် မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ အပန်းဖြေလေ့လာရေးခရီး လာရောက်သည့် ၂၀၂၆ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များသည် မေလ (၆) ရက်နေ့ ညနေက ပုသိမ်မြို့မှ လူရည်ချွန်စခန်း ငွေဆောင်မြို့သို့ ထွက်ခွာလာရာ ည ၇ နာရီခွဲအချိန်တွင် ငွေဆောင်မြို့သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများက လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထိုသို့ကြိုဆိုရာတွင် ငွေဆောင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ဟိုတယ်ဇုန်လမ်း၊ Table - 5 စားသောက်ဆိုင်ရှေ့မှစ၍ လူရည်ချွန်စခန်းအဝင်မုခ်ဦးအထိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများ၊ ငွေဆောင်မြို့ဌာနဆိုင်ရာများနှင့် ဟိုတယ်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း အကတို့ဖြင့် ဖျော်ဖြေကာ အလံများဖြင့် ဝှေ့ယမ်းကြိုဆိုခဲ့ကြပြီး၊ လူရည်ချွန်မောင်မယ်များ စခန်းချရပ်နားမည့် ယမုံနာဦးဟိုတယ်မုခ်ဦးနှင့် လမ်းတစ်လျှောက်တွင်လည်း တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုပန်းစည်းများ ပေးအပ်ကာ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေ၍ တစ်ပျော်တစ်ပါး ကြိုဆိုခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)