မြိတ် မေ ၆
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြိတ်မြို့ ရေပုန်းရပ်ကွက်ရှိ မြို့နယ်ဘောလုံးကွင်းကို ဘောလုံးကွင်းအင်္ဂါရပ်များနှင့် ညီညွတ်စေရန်နှင့် ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မေ(၆)ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
မြိတ်မြို့နယ် ဘောလုံးကွင်းသည် မြို့နယ်အဆင့် ဘောလုံးအားကစားသမား မွေးထုတ်ပေးနိုင်ရေးအတွက် လေ့ကျင့်မှုများ၊ သင်တန်းများဆောင်ရွက်လျက်ရှိရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်ဘောလုံးကွင်း ကွင်းပတ်လည်ရေနုတ်မြောင်း၊ ပွဲကြည့်စင်နှင့် ရေရရှိရေးလုပ်ငန်း၊ ခြံစည်းရိုးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တင်ပြခဲ့ကြရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ဘောလုံးကွင်းအင်္ဂါရပ်များနှင့်ညီညွတ်စေရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အပိုင်းအလိုက် ပြုပြင်ဆောင်ရွက်နိုင်ရန် အင်ဂျင်နီယာ တွက်ချက်မှုများဖြင့် တင်ပြကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် လူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးပညာရေးမှူး၊ တာဝန်ရှိသူများသည် ကလွင်ကျေးရွာရှမ်းချောင်းရပ်ရှိ အမက(ရှမ်းချောင်း)ကျောင်းသို့ သွားရောက်ခဲ့ကြပြီး ကျောင်းကော်မတီနှင့် ရပ်မိရပ်ဖများအားတွေ့ဆုံ၍ ကျောင်းဆောင်အား ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။ အဆိုပါ ကျောင်းဆောင်သည် အလျား(၆၀)ပေ၊ အနံ(၃၀)ပေ သစ်သား အုတ်ညှပ် (၂)ထပ်ကျောင်းဆောင်ဖြစ်သည်။
အ.မ.က(ရှမ်းချောင်း)ကျောင်းတွင် တိုးပွားလာသော ကျောင်းသားဦးရေ၏ သင်ကြားသင်ယူမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းသားဦးရေအရ ကျောင်းဆောင် လိုအပ်ချက်ကို အလျား(၇၀)ပေ အနံ(၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ကို လာမည့် ဘဏ္ဍာရေးနှစ်၌ တည်ဆောက်နိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)