ရွှေဘို မေ ၆
ရွှေဘိုမြို့၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ခရိုင်မီးသတ်ဦးစီးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မေလ(၅)ရက်နေ့ ညနေ(၅)နာရီတွင် ရန်ကြီးအောင် ခရိုင်အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွှေဘိုခရိုင်မီးသတ်မှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးမှ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ကစားသမားများအား တစ်ဦးချင်း အကောင်းဆုံးဆုများနှင့် ဒိုင်လူကြီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိခဲ့သည့်အသင်းများအား ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီအောင်နှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်တို့မှ ဂုဏ်ပြုဆုငွေနှင့် ဆုဖလားများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် မေလ(၅)ရက်နေ့တွင် ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ရွှေဘိုမြို့ အမှတ်(၇)ရပ်ကွက်ရှိ အောင်မြေရိပ်သာကျောင်းမှ ဆရာတော်သံဃာတော်များနှင့်သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ထွန်းခိုင်