မကွေး မေ ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအနေဖြင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်၊လေးတိုင်စင်ကျေးရွာတွင် ကျင်းပသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီက အဖွင့်အမှာစကားပြောကြားရာ၌ မြို့သစ်မြို့နယ်၊ လေးတိုင်စင်ကျေးရွာတွင် ယခုဖွင့်လှစ်သည့်မော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်းအခြေခံနှင့် မွမ်းမံသင်တန်းကို (၄၅)ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၉)ရွာ၌ လုပ်ငန်းရှင်(၄၅)ဦး၊ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၆)ရွာ၌ လုပ်ငန်းရှင်(၈၀)ဦး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၂၁)ရွာ၌ လုပ်ငန်းရှင် (၁၀၅)ဦး မွေးထုတ်ပေးနိုင်ခဲ့သဖြင့်ပြီးခဲ့သည့် (၃)နှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီးတွင် လုပ်ငန်းရှင် (၂၃၀)ဦးပေါ်ထွန်းလာခဲ့ပါကြောင်း၊ ယခု ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ကျေးရွာပေါင်း(၂၃)ရွာတွင် သင်တန်းများဖွင့်လှစ်ရန်လျာထားပြီးဖြစ်ပါကြောင်း၊ ရက် (၁၀၀)အတွင်း စီမံကိန်း(၁၆) ခုဆောင်ရွက်မည်ဖြစ်ပါကြောင်းပြောကြားသည်။
ယခုဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းတွင်သင်တန်သားများအား သက်ဆိုင်ရာနည်းပညာရပ်များကို စာတွေ့(၃၀) ရာခိုင်နှုန်း၊ လက်တွေ့ (၇၀)ရာခိုင်နှုန်း သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားများမှ ထူးချွန်သင်တန်းသား (၅)ဦး အားလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်၍ လုပ်ငန်းထူထောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)