ငဖဲ မေ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင်တာဝန်ယူဆောင်ရွက်မည့်ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊နည်းဥပေဒများအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး က ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊နည်းဥပဒေများအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြု လုပ်ရခြင်း နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးလှိုင် က ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှု၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးရွေးချယ်ခြင်း လုပ်ငန်းစဉ်များ၊ ရပ်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူး တို့တွင်ပြည့်စုံရမည့်အချက်များ၊ ကြီးကြပ်ရေးအဖွဲ့ လုပ်ဆောင်ရမည့် အချက်များနှင့် လုပ်ငန်းတာဝန်များ၊ ဆယ်အိမ်စု၊ရာအိမ်စု ဖွဲ့စည်းခြင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံရွေးချယ်ခြင်းလုပ်ငန်းစဉ်များ၊ လိုက်နာရန်စည်းကမ်း ချက်များနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းလုပ်ငန်းစဉ်များကို ပါဝါပွိုင့်ဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသောရပ်ကွက်၊ ကျေးရွာကြီးကြပ်ရေးအဖွဲ့များမှ သိရှိလိုသည်များကို မေးမြန်းရာ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက အသေးစိတ်ချပြရှင်းလင်းဆွေးနွေးပြီးဖြစ်သည့်အတွက် ကြီးကြပ်ရေး အဖွဲ့များအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
အဆိုပါ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအသိပညာပေး ဆွေးနွေးပွဲသို့ ရပ်ကွက် ၂ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈ အုပ်စုမှ ကြီးကြပ်ရေးအဖွဲ့ဝင် ၁၀၀ ဦး ၊ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့်ရပ်/ကျေးစာရေးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)