ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်းဖွင့်လှစ်

ကန့်ဘလူ မေ ၆

စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းကို မေ ၅ ရက်နံနက် ၉ နာရီခွဲက လိတ္ထူကျေးရွာ ဇေယျာသီရိရွာ ဦးကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးစိုးခိုင်က ဌာန၏လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးနှင့်ကိုယ်ပိုင်လုပ်ငန်းထူထောာင်ပြီး မိသားစုအပိုဝင် ငွေရရှိအောင် ကြိုးစားသင်ယူကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက် ရေးဦးစီးဌာနမှူး ဒေါ်တင်တင်ခိုင်က သင်ထောက်ကူပစ္စည်းများပေး အပ်သည်။ အဆိုပါသင်တန်းသို့ လိတ္ထူကျေးရွာ၊ ကိုင်းတောကျေးရွာနှင့်သင်ပန်းတောကျေးရွာတို့မှ သင်တန်းသူ ၂၀ ဦးတက် ရောက်ကြပြီးသင်တန်းကာလ မေ ၅ ရက်မှ ၉ ရက်အထိ ၅ ရက်ကြာဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့်ခေါင်းလျှော် ရည်ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုသင်တန်းများအနေဖြင့် ၂၀၁၅ ခုနှစ်မှ ယနေ့ ၂၀၂၆ ခုနှစ်အထိ သင်တန်းပေါင်း ၃၆ ခုဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၅၅၉ ဦးတို့အား အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဖွင့်လှစ်သင် ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)