တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မြိတ်ခရိုင်တွင် ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ခရိုင်အဆင့် တာဝန်ခံများနှင့် တွေ့ဆုံ

မြိတ်    မေ    ၆

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးနှင့် မြိတ်ခရိုင်အတွင်းရှိ သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ခံ အရာထမ်းများ မေ(၆)ရက် နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးရာတွင် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ခံများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး တနင်္သာရီ တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး က သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ရက်(၁၀၀)အတွင်း ဆောင်ရွက်ကြမည့်လုပ်ငန်းများကို အမှန်တကယ် မြန်မြန်ဆန်ဆန် စံချိန်စံညွှန်း ပြည့်မီစွာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရန်နှင့် ‌တာဝန်အ‌ပေါ် စေတနာပေါင်းပြီး ပြည်သူအကျိုးသယ်ပိုးခြင်းဖြင့် ကုသိုလ်ယူ ကြရန် ပြောကြားသည်။

ထို့နောက် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ခံများက ဌာနအလိုက် ရက်(၁၀၀)အတွင်း ဆောင် ရွက်ကြမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီး က လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ ကဏ္ဍအလိုက် ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။

ရက်(၁၀၀)အတွင်း တနင်္သာရီတိုင်းဒေသကြီး၌ စိုက်ပျိုး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် ကျေးလက် လမ်းတံတားကဏ္ဍများတွင် နိုင်ငံတော်ရန်ပုံငွေ ကျပ်သန်း(၃၁၀၀)ကျော်ဖြင့် စိုက်ပျိုးရေးကဏ္ဍ(၅)ခု၊ မွေးမြူရေးကဏ္ဍ(၂)ခု၊ လမ်းတံတားလုပ်ငန်း(၇)ခု၊ ရေရရှိရေး(၁)ခု၊ အသိပညာပေးသင်တန်း(၅)ခု၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း(၅)ခုနှင့် အခြားလုပ်ငန်း(၁)ခု စုစုပေါင်းကဏ္ဍ(၇)ခုတွင် လုပ်ငန်း(၂၆)ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )