ကျွန်းလှ မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပစားသုံးဆီတင်သွင်းမှုလျေ့ာချနိုင်ရန်အတွက် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲများ စတင်စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဆီထွက်သီးနှံများကို မိုးရာသီနဲ့ ဆောင်းရာသီမှာ အဓိကထားစိုက်ပျိုးကြပါတယ်။ ကျွန်တော်ဒီနှစ်မိုးရာသီမှာ မြေပဲငါးဧကစိုက်ပျိုးဖို့ ရည်ရွယ်ထားပြီး သုံးဧကစိုက်ပျိုးပြီးဖြစ်ပါတယ်။ အရင်နှစ်က မိုးမြေပဲစိုက်ပျိုးရာမှာ ဆောင်းမြေပဲစိုက်ပျိုးဖို့ မျိုးရရှိတဲ့အပြင် အကျိုးအမြတ်လည်းရရှိခဲ့ပါတယ်” ဟု မန်ကျည်အင်းကျေး မိုးမြေပဲစိုက်တောင်သူ ဦးရာစိန်က ပြောသည်။
အဆိုပါမိုးမြေပဲစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ မြေယာစနစ်တကျပြုပြင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများစိုက်ပျိုးခဲ့ပြီး မိုးမြေပဲ ဧက ၇၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို