အိမ်မဲမြို့နယ် မြို့မစျေးကြီး၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

အိမ်မဲ မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ ၅ ရက်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။

ရှေးဦးစွာ   မြို့မစျေးကြီးတွင်  မီးဘေးအန္တရာယ်တွေ့ကြုံလာပါက  တုံ့ပြန်ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ရာအိမ်မဲမြို့နယ်မီးသတ်ဦးစီးဌာနဒုတိယဦးစီးမှူး  ဦးတင်မျိုးဝင်းက  မီးသတ်ဆေးဘူးအသုံးပြုပုံကို  ရှင်းလင်းပြောကြားပြီး ဆီမီးငြှိမ်းသတ်နည်းကို သရုပ်ပြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်သည့်  ယာဉ်နှစ်စီးဖြင့်  သရုပ်ပြခဲ့သည်။ ဆက်လက်ပြီး အိမ်မဲမြို့မ စျေးကြီးမှ ရေစုပ်စက်ရေတင်နိုင်မှု၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိမှုနှင့် မြို့မစျေးကြီးအတွင်း လျှပ်စစ်ဝိုင်ယာကြိုးများနှင့်  မိန်းခလုတ်များကြံ့ခိုင်မှု ရှိ၊ မရှိတို့ကို အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။

အိမ်မဲမြို့မစျေးကြီးမီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အစီအမံများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဒေါ်နီနီခိုင်မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ)