မုံရွာမြို့နယ် သစ်တောဦးစီးဌာန နန္ဒဝန်ပျိုးဥယျာဥ် (၁၊ ၂၊ ၃) တွင် မိုးရာသီလူထုဖြန့်ဝေပေးရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း (၆၃၉၆၉) ပင် ပျိုးထောင်ထားရှိ

မုံရွာ မေ ၆

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအထောက်အကူဖြစ်စေရန် ရာသီဥတုမျှတကောင်းမွန်စေရန်နှင့် ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်တို့အတွက် မိုးရာသီပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန် မုံရွာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး၊ နန္ဒဝန်ပျိုးဥယျာဥ်တွင် သစ်ပင်မျိုးပေါင်း (၃၅) မျိုး၊ ပျိုးပင်ပေါင်း (၆၃၉၆၉) ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ထိုသို့ပျိုးထောင်ထားရှိရာတွင် ကျွန်း၊တမာ၊မယ်ဇယ်၊ မယ်ဇလီ၊ ကံ့ကော်၊ ရေတမာ၊ သပြေဘူတ၊ ဗန်ဒါ၊ စိန်ပန်းကြီးနှင့် ခရေ စသည့် အရိပ်ရသစ်မျိုး (၃၅) မျိုး၊ စုစုပေါင်းပျိုးပင် (၆၃၉၆၉) ပင် ကို ပျိုးထောင်ထားရှိပြီး၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးရန်နှင့် မိုးရာသီဇွန်လဆန်းတွင် သစ်ပင်စိုက်ပျိုးမည့် ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ထာဝရကုသိုလ်ရယူဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့၊ နိင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့၊ သစ်ပင်စိုက်လျှင် တို့ဝန်းကျင် စိမ်းစိုလှပကြည်နူးရ၏စသည့် ဆောင်ပုဒ်များနှင့်အညီ နှစ်စဥ် ပျိုးပင်များ ပျိုးထောင်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်တွင် သစ်မျိုး (၉) မျိုး၊ ပျိုးပင်ပေါင်း (၂၀၀၀၀) ကို ပြည်သူလူထုထံသို့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း၊ အထူးပျိုးပင်အနေဖြင့် သစ်မျိုး (၈) မျိုး စုစုပေါင်းပျိုးပင် (၂၅၀၀၀) ကိုလည်း ပျိုးထောင်ထားရှိကြောင်း၊ မိမိတို့ဌာနအစီအစဥ်ဖြင့် လိုအပ်သောနေရာများတွင် အသုံးပြုဆောင်ရွက်နိုင်ရန်အတွက် သစ်မျိုုး (၁၀) မျိုး စုစုပေါင်းပျိုးပင် (၁၈၉၆၉) ပင်ကို ပျိုးထောင်ထားရှိကြောင်း မုံရွာမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းရာဇာထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)