မြိတ် မေ ၆
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေလ (၅) ရက် မွန်းလွဲပိုင်းက မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စုတွင် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့် ဆက်စပ်အဆောက်အအုံများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စီမံကိန်း ရှင်းလင်းပွဲ တက်ရောက်ကြသည်။
ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးလှသန်းနှင့် ကုမ္ပဏီတာဝန်ရှိသူတို့မှ စီမံကိန်းအကြောင်းအရာများနှင့် သစ်ယာဝကျေးရွာတွင် ဆောင်ရွက်မည့် ရေငန်ပုစွန်မွေးမြူရေးစီမံကိန်းအကြောင်းကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အားပေးစကားပြောကြားပြီး စီမံကိန်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
အဆိုပါ စီမံကိန်းကို မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အနေဖြင့် စီမံကိန်းအပိုင်း (၄) ပိုင်းခွဲခြားပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းဧရိယာအတွင်း ဆိပ်ခံတံတားနှင့် သယ်ယူပို့ဆောင်ရေးနယ်မြေ၊ စက်မှုလုပ်ငန်းနယ်မြေ၊ ကုန်သွယ်မှုနယ်မြေ၊ အထောက်အကူပြု အသုံးချနယ်မြေ၊ စက်မှုဇုန်ဝန်ဆောင်မှုနယ်မြေနှင့် စိမ်းလန်းနယ်မြေစသည့် နယ်မြေ (၆) ခုသတ်မှတ်ထားရှိပြီး စီမံကိန်းကို မကြာမီအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုမှတဆင့် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိတ်မြို့ ကန်ဖျားရပ်ကွက် ဘုရားငါးဆူစာသင်တိုက်တွင် ရပ်ကွက်အတွင်းရှိ ပြည်သူလူထုများအား ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးကြရာ တိုင်းဒေသကြီး ဦးစီးမှူး ဦးသန့်ဇင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူလူထုများအား အိမ်ထောင်စုလူဦးရေစာရင်း၊ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈) နှစ်ပြည့်နှင့် ဟောင်းနွမ်းပျက်စီးခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီး UID ကတ်ပြားများဆောင်ရွက်ပေးနေမှုအား ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို ပြည်သူများအား ဝန်ကြီးချုပ်က ပေးအပ်သည်။
အဆိုပါစီမံချက်ဖြင့် ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများက ဧပြီ (၂၀) ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း (၁၃၀) စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၂၀) ဦးနှင့် UID ကတ်ပြား (၆၇၀) ဦးကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)