တနင်္သာရီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် မြိတ်မြို့ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ PDF သင်တန်းဆင်းပြီး လက်နက်/ခဲယမ်းများနှင့်အတူ အလင်းဝင်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲ တက်ရောက်

မြိတ် မေ ၆       

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေလ (၅) ရက် နံနက်ပိုင်းက မြိတ်မြို့ လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပမှ ကုန်တင်လေယာဉ်များ ရာသီမရွေး ဆင်းသက်ပျံသန်းနိုင်ရန်နှင့် လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ လေဆိပ်ခန်းမဆောင်တွင် လေဆိပ်ဆိုင်ရာ အချက်အလက်များနှင့် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မြိတ်လေဆိပ်တာဝန်ခံ ဦးကျော်ကျော်ဌေးက Power Point ဖြင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းမြေပုံကားချပ်အားကြည့်ရှု၍ ဆောင်ရွက်နေသည့်လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေများဖြင့် လေဆိပ်ကုန်စည် အဆောက်အဦ (၁၂၀ပေx၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း (၁၀၀‌ပေ x၇၅ပေ)၊ လေယာဉ်ရပ်နားနေရာ (၂၀၀‌ပေx၁၅၀ပေ) တည်ဆောက်ခြင်းလုပ်ငန်း၊ Boeing 737-800/A-320 လေ ယာဉ်များဆင်း/တက်နိုင်ရေးအတွက် လေယာဉ်ပြေးလမ်း (အရှည်၉၀၀၀‌ပေ‌xအကျယ်၂၀၀ပေ) အား နိုင်လွန်ကတ္တရာ (၄) လက်မထုခင်းခြင်း လုပ်ငန်းနှင့် လေယာဉ်ပြေးလမ်း (အရှည်၉၀၀၀ပေxအကျယ်၂၀၀ပေ) အား (အရှည်၁၀၀၀၀‌ ပေxအကျယ်၂၀၀ပေ) ရရှိသည်အထိ ပြေးလမ်းတောင်ဘက်သို့ (အရှည်၁၀၀၀ပေxအကျယ်၂၀၀ပေ) တိုးချဲ့ခြင်း (မြေကြီးလုပ်ငန်းဆောင်ရွက်ခြင်း) လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း သင်တန်းတက်ရောက်ခဲ့၍ ပြစ်မှုကျုးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းပြီး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ကြိုဆိုလက်ခံ၍ ၄င်းတို့၏ မိဘအုပ်ထိန်း သူများထံ လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ၄င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF သင်တန်းဆင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ (၂) ဦး၊ ထားဝယ်မြို့မှ(၂)ဦး၊ ပုလောမြို့မှ (၂) ဦး စုစုပေါင်း အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၁) ဦးတို့မှ တိုင်းမှူးထံ M4A1 (၁) လက်၊ ၄င်းကျည်အိမ် (၂) ခု၊ ၅.၅၆ ကျည် (၅၀) တောင့်၊ MA5 ပစ္စတို (၁) လက်၊ ၄င်းကျည်အိမ် (၁) ခုနှင့် ၄င်းကျည် (၇) တောင့်၊ MG-1 လက်ပစ်ဗုံး (၂) လုံးတို့အား အပ်နှံခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်လက်နက် (၁)လက်အတွက် သိန်း (၅၀) ကျပ်၊ ပစ္စတို (၁) လက်အတွက် (၂၀) သိန်းကျပ်နှင့် လက်ပစ်ဗုံး (၂) လုံးအတွက် (၃)သိန်းကျပ်၊ လက်နက်မဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်သူ (၄) ဦးအတွက် (၁) ဦးလျှင် (၁၅)သိန်းနှုန်းဖြင့် သိန်း (၆၀) ကျပ်တို့အား ဂုဏ်ပြုဆုငွေများအဖြစ် ပြန်လည်ပေးအပ်သည်။ ဥပဒေဘောင်အတွင်း လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသည့် PDF သင်တန်းဆင်း အမျိုးသား (၅) ဦီးနှင့် အမျိုးသမီး (၁) ဦးတို့ကို တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၄င်းတို့၏ မိဘများထံသို့ လွှဲပြောင်းအပ်နှံခဲ့သည်။

နိုင်ငံတော်အစိုးရမှ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံခဲ့ပြီး ပြည်သူဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၄င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)