မုံရွာ မေ ၆
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မေလ ၅ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ယနေ့ခေတ်သည် မြို့ပြ၏ လူမှုစီးပွားတိုးတက်မှုများနှင့် စက်မှုလုပ်ငန်းတိုးတက်များပြားလာခြင်းကြောင့် မီးဘေးအန္တရာယ်သည် အတူတွဲဖြစ်ပေါ်လာသည့် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါကြောင်း၊ မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရေးလုပ်ငန်းတစ်ခုတည်း သာမက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းနှင့် အ ရေးပေါ်ဆေးအကာအကွယ်ပေးခြင်း လုပ်ငန်းစသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရခြင်းကြောင့် “မြန် ၃ မြန်”၊ “သင့် ၄ သင့်” ဆောင်ပုဒ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မီးသတ်လုပ်ငန်းဆိုသည် ဘေးဒုက္ခအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်း မိမိတို့အသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်ရခြင်းကြောင့် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်အား လေးစားဂုဏ်ယူပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်နိုင်သည့် ပြည်သူများ အားကိုးရသည့်တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာအောင် ကြိုးစားတည်ဆောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က နိုင်ငံတော်မှ ချီးမြှင့်သည့် စွမ်းဆောင်ရည်ဆုတံဆိပ်များ၊ ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ မြန်မာနိုင်ငံမီသတ်ဌာနချုပ်တွင် ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းတွင် အဖွဲ့လိုက် ဒုတိယဆုရရှိခဲ့သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအား ဆုတံဆိပ်များ ပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးခဲ့ကြပြီး ဆုတံဆိပ်ရရှိကြသည့် တပ်ဖွဲ့ဝင်များအတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက် ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အဆင့်မြှင့်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊ မီးငြိမ်းသတ်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည့်မှတ်တမ်း ဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်း စက်မှု ကုန်ကြမ်းသီးနှံဝါ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း စိုက် ပျိုးလျက်ရှိသည့် စက်မှုကုန်ကြမ်းသီးနှံဝါများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ မြေ၊ မျိုး၊ ရေ၊ နည်း နည်းလမ်း ၄ သွယ်ဖြင့် စိုက်ဧကများ မှန်ကန်စွာ တိုးချဲ့စိုက်ပျိုးသွားရေးနှင့် ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရေးအတွက် အစွမ်းကုန်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးသည့်အထဲတွင် မိမိတို့တိုင်းဒေသကြီးအနေဖြင့် အရေးကြီးသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား ကျေပွန်အောင် ထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း စက်မှုကုန်ကြမ်းသီးနှံဝါ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်