ထားဝယ် မေ ၆
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော သီးနှံများတွင် ဖျက်ပိုးကျရောက်မှု ဘက်စုံကာ ကွယ်နှိမ်နင်းရေးနည်းပညာပေးသင်တန်းကို မေလ ၅ ရက်နေ့ နံနက် ၉ နာရီက ထားဝယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
သင်တန်းတွင် တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိဒေါ်အေးသန္တာစိုးက မိုးကာလ စိုက်ပျိုးမည့် မိုးစပါးနှင့်မိုးသီးနှံတို့တွင် ဖျက်ပိုးများ ကျရောက်မှုကို ဘက်စုံကာကွယ်နှိမ်နင်းနည်းလမ်းများနှင့် ကင်းထောက်ပြီး စီးပွားရေးအရထိခိုက်သော အဆင့်ရောက်မှဓါတုပိုးသတ်ဆေးသုံးစွဲခြင်းဖြင့် ထိရောက်သော ကာကွယ်နှိမ်နင်းခြင်းများဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ သီးနှံများတွင်ဖျက်ပိုး ကျရောက်မှုဘက်စုံကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်၊ သိရှိလိုက်နာရမည့် အချက်များအား အသိပညာပေးဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက သီးနှံများတွင်ဖျက်ပိုး ကျရောက်မှု ဘက်စုံကာကွယ်နှိမ်နင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)