ကော့သောင်း မေ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို မြို့နယ်ဦးစီးမှူးရုံးတွင်ဧပြီလ (၂၀) ရက်နေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ကော့သောင်းခရိုင်ဦးစီးမှူးရုံးခန်းတွင် ခရိုင်ဦးစီးမှု ဦးကိုကိုနိုင်မှ စီမံချက်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်မှုအခြေအနေများ၊ ဥပဒေအရနိုင်ငံသားများအား ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် မြို့နယ်ဦးစီးမှူးမှ စီမံချက်အောင်မြင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ပါသည်၊
ထိုသို့ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့ဇေဦးနှင့် ဝန်ထမ်းများက အသက် (၁၈) နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ UID ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဧပြီ (၂၀) ရက်နေ့မှ မေလ (၄) ရက်နေ့ထိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)