ကန့်ဘလူ မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အသားကဏ္ဍစားသုံးမှုဖူလုံစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် မေ ၅ ရက်နံနက်က ကျွဲ၊ နွားရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်လင်း ဦးဆောင်ကြီးကြပ်မှုဖြင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားအဖွဲ့တို့ ပူးပေါင်း၍ ဒေသခံကျေးရွာတောင်သူများ၏ မွေးမြူထားသော ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ထောင့်သန်းရောဂါကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများကို အိမ်တိုင်ရာရောက်ထိုးနှံပေးခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)