ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး   မေ   ၆

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်ဖွဲ့နေ့အခမ်းအနားကို မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့သည် မိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်အသွယ်သွယ်မှ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ နှစ် (၈၀) ပြည့် အခမ်းအနားဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏သမိုင်းကို ပြန်ကြည့်ရမည်ဆိုပါက ခရစ်နှစ် ၁၀၄၄ ခုနှစ် ပထမမြန်မာနိုင်ငံတော် တည်ထောင်သည့် အနော်ရထာမင်းလက်ထက်တွင် မီးသတိပေး မောင်းသံများနှင့်စတင်ခဲ့ပြီး ယင်းနောက် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက်မှာလည်း မီးဘေးမသင့်စေရန် မီးသတ်လုပ်ငန်းကို စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ကန်တော်ကလေး၌ရှိသည့် “ဇိနတ်အစ္စလာမ်” အမျိုးသမီးကျောင်းတွင် ကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တက်ရောက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံကျင်းပသည့်နေ့ကို မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ကျင်းပခြင်းဖြစ်ရာ ယခုနှစ်တွင် နှစ် (၈၀) ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊   နိုင်ငံအတွင်း မီးဘေးအပါအဝင် အခြားသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့သည့်အချိန်တိုင်း တွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးကာကွယ်ရေးသာမက ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ အစွမ်းကုန် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကို အသိ အမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်းနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်နိုင်သည့် ပြည်သူအားကိုးသော တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာအောင် ကြိုးစားတည်ဆောက်သွားကြစေလိုကြောင်းဖြင့် မိန့်ခွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့် ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကလည်းကောင်း၊ ပြည်နယ်အဆင့် မီးငြှိမ်းသတ်ရေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းကလည်းကောင်း၊ ပြည်နယ်အဆင့် ရှာဖွေကယ်ဆယ် ရေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးမြတ်စံကလည်းကောင်း ၊ လက်နက်မဲ့စစ်ရေးပြပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ( အထက်မြန်မာပြည် ) ၌ ဖွင့်လှစ်သည့် အရာထမ်းငယ်သင်တန်းတွင် စစ်ရေးပြထူးချွန်ဆုရရှိသည့် တပ်ဖွဲ့ဝင်အား ချင်းပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှပေးပို့သည့် နှစ် (၈၀) ပြည့် မီးသတ်တပ်ဖွဲ့နေ့ Video Clip နှင့် ချင်းပြည်နယ်မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် Video Clip ပြသပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်မီးသတ်ဦးစီးဌာနက ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)