မြဝတီ မေ ၆
ကရင်ပြည်နယ်၊ မြဝတီ ခရိုင်၊ မြဝတီမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်များ ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပညာပေးသင်တန်းနှင့် ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ အများပြည်သူစားသုံးရန်အတွက် ရောင်းချသည့် အသားဆိုင်များအား စစ်ဆေးခြင်း၊ တိရစ္ဆာန်အစားများအတွက် ကောက်ရိုးမြက်တို့အား ပြုပြင်မှုသရုပ်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်တွင် အမှတ် (၆) ရပ်ကွက်၌ ကျွဲ၊ နွား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာ၌ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင့်လွင် ကြီးကြပ်မှုဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာဖြိုးဝေအောင်နှင့် ဝန်ထမ်းများက အမှတ် (၆) ရပ်ကွက်ရှိ နွားအကောင်ရေ (၁၁၇) ကောင်အား ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးကိုထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)