ဖျာပုံ မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ ကျုံဖဲကျေးရွာတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ရရှိစေရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်ရရှိပြီး အသေးစားအငယ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို မေလ ၅ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲတွင် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီက အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက အခြေခံစက်ချုပ်နည်း ပညာသင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီက သင်တန်းသုံးပစ္စည်းများ အားထောက်ပံ့ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူကြသည်။ အဆိုပါအခြေခံစက်ချုပ် နည်းပညာသင်တန်းကို ကျုံဖဲကျေးရွာရှိ သင်တန်းသူ (၁၆)ဦးအား (၅-၅-၂၀၂၆)မှ (၃-၆-၂၀၂၆) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို (၁၂-၆-၂၀၂၆)မှ (၂၆-၈-၂၀၂၆)ရက်နေ့အထိ အခမဲ့ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)