ဖြူး မေ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၆-ခု နှစ်၊ ပထမရက် (၁၀၀) အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးလက်လမ်းများအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဇော်လင်း၊ ဖြူးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါကျော်နှင့် တာဝန်ရှိသူများသည် ဖြူး-ချင်းခင်သွားလမ်းအရှည်(၀/၁.၅) မိုင်၊ လမ်းအကျယ် (၁၆) ပေရှိလမ်း၊ ဖြူး-လိပ်သေ-ကျွဲမကူးသွားလမ်းအရှည် (၀/၂) မိုင်၊လမ်းအကျယ် (၁၆) ပေရှိလမ်း၊ ဖြူး ၄၆ လမ်းမှ ခင်တန်းကြီးကျေးရွာသွား လမ်းအရှည် (၀/၂) မိုင်၊ လမ်းအကျယ် (၁၄) ပေရှိလမ်းများ ကျောက်ချောခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါလမ်းများပြီးစီးပါက နွေမိုးဆောင်းသွားလာရေးအဆင်ပြေမည်ဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)