ဂန့်ဂေါ မေ ၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား အဖွင့်အမှာစကားပြောကြားပြီး နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်း Video Clip အားပြသရာ တက်ရောက်လာသူများက ကြည့်ရှုကြသည်။
ဆက်လက်၍ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မီးသတ်ကျင့်ဝတ် (အရာရှိအဆင့်) ပထမ၊ ဒုတိယ၊ တတိယဆု၊ မီးသတ်ကျင့်ဝတ် (အကြပ်အဆင့်) ပထမ၊ ဒုတိယ၊ တတိယဆု၊ တစ်နှစ်တာဝတ်စားဆင်ယင်မှုအကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆု၊ စိတ်ဓာတ်နှင့် စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆု (၂) ဆုနှင့် လုပ်သက် (၂၅) နှစ်အထက် စွမ်းစွမ်းတမံအားကြိုးမာန်တက်ကြိုးစားခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင်အား ဂုဏ်ပြုဆုများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ခရိုင်မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်သည့် ပစ္စည်းကိရိယာများနှင့် မီးဘေး၊ ရေဘေး၊ လေဘေးများတွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
မောင်မျိုးမင်း (ပြန်/ဆက်)