ကြို့ပင်ကောက် မေ ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ရက် ၁၀၀ စီမံချက်ကာလအတွင်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်း ဖွင့်လှစ် သင်ကြားခြင်းကို မေလ ၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက သင်တန်းသားများအား သင်တန်းမှသင်ယူခဲ့သော ပညာရပ်များအား မိမိတို့မိသားစုနှင့် ကျေးရွာအကျိုးပြုလုပ်ငန်းများတွင် ပြန်လည်အသုံးချသွားကြရန်မှာကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ သင်တန်းသား ၂၀ ဦးအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက်(၁၀၀) စီမံချက်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်း ၁၅ ရက်ကြာဖွင့်လှစ်ခြင်းနှင့် လိင်မ္မင်ကွင်းကျေးရွာအုပ်စု ထောက်ကြံတော ကျေးရွာတွင် ကွန်ကရစ်ဘီးနင်းလမ်း အရှည် ၄၈၅ ပေ အကျယ် ၂ ပေခွဲ ထု ၆ လက်မအား နိုင်ငံတော်ထောက်ပံ့ငွေကျပ် သိန်း ၁၅၀ နှင့် ပြည်သူ ထည့်ဝင်ငွေကျပ် ၃ ဒသမ ၃၅၀ သန်း အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)