လိပ်သို မေ ၅
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့ကြက်ခြေနီနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၁ နာရီက ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကြက်ခြေနီများသည် သူတစ်ပါးအသက် ကယ်ဆယ်ရေးအတွက် မိမိကိုယ်ကျိုးကိုပင်မငဲ့ပဲ စွန့်စားကူညီပေးသော မွန်မြတ်သည့် စိတ်ထားပိုင်ရှင်များဖြစ်ကြောင်းနှင့် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာ အသိအမြင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအေနဖြင့် မည်သည့် ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိကမထားဘဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များကို အမှတ်တရပေးအပ်ခဲ့ကြောင်းနှင့် အာဟာရမုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း