မအူပင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မအူပင် မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီဌာနအနေဖြင့် အသားကဏ္ဍစားသုံးမှုဖူလုံစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးကဏ္ဍတိုးတက်လာစေရန် ရက် ၁၀၀ စီမံချက်အနေဖြင့် ဧပြီလ (၂၀) ရက်မှ ဇူလိုင်လ (၃၁) ရက်အတွင်း လုပ်ငန်းစဉ်(၇)ရပ်အား အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ယင်းလုပ်ငန်းစဉ်များတွင် စီးပွားဖြစ်မွေးမြူရေးခြံစာရင်းကောက်ယူခြင်း၊ ဇီဝဇိုးငှက်မွေးမြူမှုစာရင်းကောက်ယူခြင်း၊ တိရစ္ဆာန်သုံးဆေးနှင့် အစာဆိုင်စာရင်းကောက်ယူခြင်း၊ ကျွဲ၊ နွား ရောဂါကာကွယ်ဆေးများထိုးနှံခြင်း၊ မေထုန်မဲ့သားစပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် မွေးမြူရေးခြံများတွင် ပိုးသတ်ဆေးဖြန်းပေးခြင်း လုပ်ငန်းများပါဝင်သည်။

အဆိုပါလုပ်ငန်းစဉ်များအနက် ကျွဲနွားရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းနှင့် မွေးမြူရေးခြံများတွင် ပိုးသတ်ဆေးဖြန်းပေးခြင်းတို့အား မေလ(၃)ရက်နေ့တွင် မအူပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မျိုးမင်းနှင့် ဝန်ထမ်းများမှ ကျွဲဒုံးကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာ၊ ကျုံတနော်ကျေးရွာတို့တွင် ကျွဲနွားကောင်ရေ (၁၄၀)ကောင်အား လည်ချောင်းကွဲ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ဝက်မွေးမြူရေးခြံ(၁၀)ခြံအား နမူနာပြပိုးသတ်ဆေးဖြန်းပေးခြင်း၊ ခြံဖြန်းပိုးသတ်ဆေးများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)