ဂန့်ဂေါမြို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဂန့်ဂေါ မေ ၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမတွင် ကျင်းပပြုရာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာအခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုမင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းရည်မှန်းထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များဖြစ်သည့် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးနှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ရည်မှန်းချက်တာဝန်များကို ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များကပေးအပ်ရာ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်များမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်ဆက်)