ပွင့်ဖြူ မေ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းအေးက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းရည်မှန်းချက်များနှင့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းရည်မှန်းချက်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် လယ်ယာကဏ္ဍ၊ သား/ငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ငွေးရေးကြေးကဏ္ဍတာဝန်များကို ပေးအပ်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းအင်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းယုနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)