ခန္တီး မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ လောင်ပကျေးရွာ၊ ဘုရားကျောင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအနေဖြင့် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၍ တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ဒေါ်စုစုခိုင်က ကုန်းမြင့်လယ်ယာစိုက်ပျိုးနည်းစနစ်အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လက်ထောက်ဦးစီးမှူး ဒေါ်မိုးမိုးပိုင်က ရွှေ့ပြောင်းတောင်ယာလျော့ချစိုက်ပျိုးရေးနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်တိမ်လွှာစိုး၊ ဒေါ်နန်းထွေးတို့က သဘာဝပတ်ဝန်းကျင်မပျက်စိုက်ပျိုးရေး၊ သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်းနှင့် သစ်စိမ်းမြေဩဇာစိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဒုတိယလက်ထောက်ဦးစီးမှူး ဦးဝင်းအောင်က မျိုးစပါးဆားရည်စိမ်နည်းစနစ်အား လက်တွေ့သရုပ်ပြသရာ တက်ရောက်လာကြသည့် တောင်သူများပါ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုခိုင်က ဆင်းဧကရီ ၃ စပါးမျိုးများပေးအပ်ရာ တောင်သူများက လက်ခံရရယူခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ တောင်သူ (၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်းသိရသည်။
ကမ်းကီး (ပြန်/ဆက်)