တောင်ငူ ဧပြီ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကြီးမှူးဖွင့်လှစ်သည့် Football for School Pilot Project Program ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အားကစားကွင်း၌ ကျင်းပသည်။
ထိုသို့ ကျင်းပရာတွင် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းအားဖွင့်လှစ်ပေးသည်။ ထို့နောက် မြို့နယ်ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝတ်စုံ (၁၀၀)၊ ဘောလုံး (၁၀) လုံး၊ အလှူရှင် ဦးပေါ်ဦးက ငွေကျပ် (၂၀) သိန်း၊ PCEC ကိုယ်ပိုင်အလယ်တန်းကျောင်း၊ ပွင့်ဦးကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မဟာကိုယ်ပိုင်အထက်တန်းကျောင်းတို့က စုပေါင်း၍ ဘောလုံး ၂၅ လုံးအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူသည်။ အဆိုပါသင်တန်းကို မေ ၄ ရက်နေ့မှ ၂၂ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးခန့်အား နည်းပြ ၁၀ ဦးဖြင့် နေ့စဥ် ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲချိန်ထိ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)