ပေါင်းတည်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ပေါင်းတည် မေ ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊‌ ပေါင်းတည်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ် ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဟင်္သာကန်ရပ်ကွက်တွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးရာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှုး  ဦးထွန်းထွန်း‌ဇော်၊ မြို့နယ်ဦးစီးမှူး ဦးဟန်ဌေးတို့၏ ကြီးကြပ်မှုဖြင့် လဝကဝန်ထမ်းများ ပါဝင်သည့်အဖွဲ့က ရပ်ကွက်အတွင်းရှိ  ရပ်ကွက်နေပြည်သူများအား ဇီးတောဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် အခြေပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာနေရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေသင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထားထားနု၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းမော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (PR) ဦးမျိုးမင်းဇော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်တို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများအလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းနှင့် UID ရိုက်ကူးပေးခြင်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

ပေါင်းတည် (ပြန်/ဆက်)