မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်

မကွေး မေ ၅

မကွေးတိုင်းဒေသကြီး နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ဒီနေ့ဟာ တိုင်းရင်းသားမိဘပြည်သူများရဲ့ အသက်အိုးအိမ်၊ ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နဲ့ အခြားသော ဘေးအန္တရာယ်အမျိုးမျိုးကနေ ခေတ်အဆက်ဆက်ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ပဲဖြစ်ကြောင်း၊  မီးသတ်တပ်ဖွဲ့အနေနဲ့ သဘာဝဘေးအန္တရာယ်နဲ့ အခြားသောရုတ်တရက်ဖြစ်ပွားတတ်တဲ့ သဘာဝဘေးအန္တရာယ်တွေမှာလည်း ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတာဖြစ်ကြောင်း၊ ဒါ့ကြောင့် ယနေ့ခေတ် မီးသတ်တပ်ဖွဲ့မီးငြှိမ်းသတ်ရေး လုပ်ငန်းတစ်ခုတည်းသာမက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းနဲ့ အရေးပေါ်အကာအကွယ်ပေးခြင်း လုပ်ငန်းစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရတာဖြစ်လို့ “မြန် ၃ မြန်”၊ “သင့် ၄ သင့်” ဆောင်ပုဒ်တွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့လည်း မှာကြားလိုပါကြောင်း၊ မီးသတ်သမားများသည် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းအား မိမိတို့ အသက်နှင့် ခန္ဓာကိုယ်ကိုအရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်ရသဖြင့် ခေတ်အဆက်ဆက် စွန့်လွှတ်စွန့်စားသွားကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များရဲ့ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်နိုင်တဲ့ ပြည်သူအားကိုးရတဲ့တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာအောင် ကြိုးစားတည်ဆောက်သွားကြစေလိုကြောင်း  ပြောကြားသည်။

ဆက်လက်၍ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ဂုဏ်ပြု Video Clip ပြသခဲ့ပြီး၊ တိုင်းဒေသကြီးအတွင်းမှ "စံပြ" မီးသတ်စခန်းဆု၊ လူမှုထူးချွန်ဆုတံဆိပ် (တတိယအဆင့်) ရရှိသူများ၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနတွင်းသင်တန်းတွင် ထူးချွန်ဆုရရှိသည့် တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အသီးသီးချီးမြှင့် ပေးအပ်ကာ၊ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)