သရက်ချောင်းမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

သရက်ချောင်း မေ ၅

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီက မြိုနယ်မီးသတ်ဦးစီးဌာနရုံးအရှေ့နှင့် (Petro Green)စက်သုံးဆီအရောင်းဆိုင်၌ ဆီထည့်သည့် ယာဉ်များအား မီးဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မီးဘေးလုံခြုံရေးပညာပေးစာစောင်တွင် မီးလောင်ကျွမ်းမှု ဖြစ်စေ/သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်သည်ဖြစ်စေမီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုသည့် ဖုန်းနံပါတ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုလျှော့နည်းစေရန်ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူးဆောင်ထားသင့်ကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လျှပ်စစ်မီးအသုံးပြုလျှင် သတိပြုရမည့်အချက်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု မှတ်တမ်းဓါတ်ပုံများ၊ မီးသတ်ဦးစီးဌာနမှ မီးဘေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု မှတ်တမ်းဓါတ်ပုံများနှင့် တိုင်းဒေသကြီးအတွင်း မီးလောင်ဆုံးရှုံးမှုအခြေအနေများ စသည့်စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)