ကလေး မေ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကလေးမြို့အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်ပညာသင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး၊ ကလေးခရိုင်ရဲတပ်ဖွဲ့မှူး၊ (ယာယီ)ဒုတိယရဲမှူးကြီးစောမြင့်က သင်တန်းတွင် သင်တန်းသူများကို ကျောင်းအိပ်၊ ကျောင်းစားစရိတ်ငြိမ်းဖြင့် သင်ထောက်ကူပစ္စည်း (၃၈)မျိုးကို ထောက်ပံ့ပေးပြီး စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းခန်းမတွင် နမူနာလက်ရာအထည်များ၊ လက်မှုလက်ရာများ၊ သင်ထောက်ကူပစ္စည်း ခင်းကျင်းပြသထားရှိမှုများကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်ပညာသင်တန်းကို မေလ ၄ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ သင်တန်းသူ (၃၀)ဦးကို ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများ၊ ကလေးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသူများ စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)