ကော့သောင်း မေ ၅
၂၀၂၆ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်သည့် နှစ် (၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကော့သောင်းမြို့တွင် မေ(၅)ရက် နံနက်(၉)နာရီက ကော့သောင်းမြို့ ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က နှစ် (၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ဂုဏ်ပြုမိန့်ခွန်းပြောကြားပြီး စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းသူနှင့် တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ဆိုင်ရာ ဂုဏ်ပြုဆုရရှိကြသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပစ္စည်းများနှင့်လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ယင်းနောက် မြေညီထပ်တွင် ပြသထားရှိသည့် မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ အသုံးပြုပုံအဆင့်ဆင့်ကို ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသူရဝင်းက တာဝန်ရှိသူများအား ရှင်းလင်းပြသသည်။
အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော့သောင်းခရိုင်နှင့် မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)