ကျွန်းလှမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းလှ မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ၃ ရက်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

“ကျွန်းလှမြို့နယ်အတွင်းမှာရှိတဲ့ အသက် ၁၀ နှစ်နဲ့အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မကိုင်ဆောင်ရသေးတဲ့ ပြည်သူတွေကို အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရာမှာ လိုအပ်တဲ့အချက်အလက်တွေ အချိန်ကုန်သက်သာပြီး တစ်နေရာထဲရရှိနိုင်ရန် မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းလှမြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလဝကမှူး ဦးကျော်နိုင်ထွန်းက ပြောသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့် တာဝန်ရှိသူများကြီးကြပ်လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ