တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး နှစ်(၈၀) ပြည့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်

ထားဝယ် မေ ၅

ယနေ့တွင်ကျရောက်သည့်နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ယနေ့သည် တိုင်းရင်းသား မိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ် အမျိုးမျိုးမှ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ နှစ် (၈၀)ပြည့်မီးသတ်တပ်ဖွဲ့နေ့   နေ့ထူးနေ့မြတ် အခါသမယလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာမီးသတ်အစည်းအရုံး ညီလာခံကျင်းပခဲ့သည့် မေလ ၅ ရက်နေ့တွင် မီးသတ်တပ်ဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာ ပေါင်းစည်းနိုင်ခဲ့သောနေ့ဖြစ်သော ကြောင့်အစွဲပြုပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ်ကျင်းပလာခဲ့သည်မှာ ယနေ့တွင်နှစ်(၈၀) ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု များနှင့်အညီ ရည်မှန်း ချက်တာဝန်ကြီး (၄)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး မီးသတ်လုပ်ငန်း တာဝန်များကိုအချိန်နှင့်တစ်ပြေးညီအရေးပေါ် ချက်ချင်းတုံ့ပြန်ဖြေရှင်း ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည်မီးငြှိမ်းသတ်ရေးလုပ်ငန်းတစ်ခုတည်းသာမက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းနှင့်အရေးပေါ် ဆေးအကာအကွယ်ပေးခြင်းလုပ်ငန်းစသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုချက်ချင်း တုံ့ပြန်ဆောင်ရွက်ရသောကြောင့် “မြန် ၃ မြန်သင့် ၄ သင့်ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ ၂၀၂၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် နိုင်ငံတကာစွမ်းရည်ပြိုင်ပွဲ၊  ၂၀၂၄ ခုနှစ်မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာ စွမ်းရည်ပြိုင်ပွဲများတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဆုတံဆိပ်များရယူပြီး နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့ခြင်းမှာလည်းများစွာနှစ်ထောင်းအားရ ဖြစ်မိပါကြောင်းနှင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအား နိုင်ငံတော်အတွင်း မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကျရောက်လာသည့်အခါတိုင်းတွင်  ပရဟိတစိတ်ဓာတ်ကိုအခြေခံပြီး စွန့်လွှတ်စွန့်စားစွာ ကူညီဆောင်ရွက်ပေးနေသူများဖြစ်သောကြောင့် နိုင်ငံတော်က အသိအမှတ်ပြုပြီး ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ခေတ်အဆက်ဆက်ဂုဏ်ပြုချီးမြှင့်ပေးလာခဲ့သည်မှာ နှစ်ပေါင်း ၈၀ အတွင်း ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ မီးသတ်တပ်ဖွဲ့ဝင်ပေါင်း ၅၅၀ ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း၊ မီးသတ်လုပ်ငန်းသည် ဘေးဒုက္ခအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နှင့်ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရသောကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသော မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်နိုင်သည့် ပြည်သူအားကိုးရသော တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာ ကြိုးစားတည်ဆောက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက စံပြထူးချွန်ဆု၊ ထူးချွန်ဆု၊ စံပြမီးသတ်စခန်းဆုနှင့် မီးသတ်လုပ်ငန်းများတွင်စွမ်းစွမ်း တမံကူညီဆောင်ရွက်ပေးသော လူမှုကူညီရေးအသင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဗီဒီယိုမှတ်တမ်းအား ကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ခန်းမအတွင်းခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ မီးငြှိမ်းသတ်ရေး၊ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊  ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ချက်များ လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများနှင့် ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)