မင်းဘူး မေ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ဒေသတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးခြင်းနှင့် ကျွဲနွားတိရစ္ဆာန်များအား ကူးစက်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မယ်ဘေ့ကုန်းကျေးရွာ ဓမ္မာရုံနှင့် ရေပုတ်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာရဲနန္ဒက မယ်ဘေ့ကုန်းကျေးရွာမှ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆၇ ဦးနှင့်တွေ့ဆုံ၍ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းမှသည် စီးပွားဖြစ်မွေးမြူရေး နည်းလမ်းများအကြောင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအိအိဆွေအောင်က ကျွဲနွားတိရစ္ဆာန်များ၏ ဇီဝလုံခြုံမှုဆိုင်ရာကိစ္စရပ်များ၊ တိရစ္ဆာန်များမွေးမြူရာတွင် ကူးစက်ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် မွေးမြူရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် နိုင်ငံတော်အစိုးရ၏ပံ့ပိုးမှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများကို သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ချေးပေးနေမှု စသည့်အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ရေပုတ်ကျေးရွာ၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဒေသတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ကျွဲနွားတိရစ္ဆာန်များအား ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် တိုင်းရင်းကြက်များအား ကြက်လည်လိမ်ကာကွယ်ဆေးများ ခတ်ပေးခြင်းလုပ်ငန်းများကို အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ဒေသအတွင်းရှိ နိုးစားနွားများအား မေထုန်မဲ့သားစပ်လုပ်ငန်း ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေးပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် တိရစ္ဆာန်များအား ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများအပြင် မေထုန်မဲ့သားစပ်လုပ်ငန်းကို ခိုင်းနွား၊ နို့စားနွားနှင့် အသားတိုးနွားများအား အကြိမ်ရေပေါင်း ၆၀နှင့် နို့စားနွား (၆၆၀၀၀) တိုးချဲ့မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး စီမံချက်အရ နို့စားနွားမျိုးရည်ခဲချောင်းဖြင့် မေထုန်မဲ့သားစပ်လုပ်ငန်းကို နို့စားနွားမနှင့် ဒေသနွားမအကောင်ရေပေါင်း ၂၀ တို့ကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)